၂၀၂၂ ခုနှစ်တွင် မျှော်မှန်းထားသည်ထက် ဆန် ပိုမိုတင်ပို့နိုင်မည်ဟု ဗီယက်နမ်ခန့်မှန်း Last Updated: 2022-10-11 ယခုနှစ်အစောပိုင်းတွင် သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်မားလာခြင်းနှင့်အတူ ဈေးကွက်အတွင်း ဆန်ရောင်းဝယ်နိုင်ရန်အခက်အခဲများ ကြုံတွေ့ လာရသည့်အတွက် ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမြင့်တက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် မတ်လမှစတင်၍ ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေးမတည်ငြိမ်မှုများဖြစ်ပေါ်လာပြီး ကုန်စည်ဈေးကွက်သည်လည်း အတက်အကျများ ဖြစ်ပေါ်လျက်ရှိပါသည်။ ကမ္ဘာ့ဈေးကွက်တွင် လယ်ယာထွက်ကုန်ဈေးနှုန်းများမြင့်တက်လာပြီးသည့်နောက်တွင် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ဆန်ဈေးနှုန်းများလည်း သိသိသာသာ မြင့်တက်လာပါသည်။ ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်ဖြူဈေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ ဖြင့် တင်ပို့လျက်ရှိပြီး ယခုနှစ်အစပိုင်းကထက် ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ ဆန်ဈေးတည်ငြိမ်မှုသည် ပို့ကုန်လုပ်ငန်းရှင်များက လယ်သမားများထံမှ ဝယ်ယူသည့်အပေါ် မူတည်သော်လည်း နွေစပါးရိတ်သိမ်းချိန် ပြီးဆုံးပြီးဖြစ်သည့်နောက် ထပ်မံရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် နှစ်လခန့်အတွင်း ပြည်တွင်းဈေးကွက်အတွင်း ဆန်ရရှိမှုမှာနည်းပါးသွားခဲ့ပါသည်။ ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်အစပိုင်းမှ စက်တင်ဘာလအထိ ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် တန်ချိန် ၅ သန်းကျော်ရှိခဲ့ပြီး ကာလတူ နှိုင်းယှဉ်ချက်အရ ယခင်နှစ် ထက် ၁၉ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပါသည်။ ပို့ကုန်တင်ပို့မှုချည်း အမေရိကန်ဒေါ်လာ ၂.၄၄ ဘီလီယံ ရောက်ရှိခဲ့ပြီး ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်ထက် ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် စီမံချက်အရ ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုကို တန်ချိန် သန်းပေါင်း ၆.၃ မှ ၆.၅ အထိ တင်ပို့နိုင်ရန် လျာထားပြီး ၂၀၂၁ ခုနှစ်ထက် တန်ချိန် ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ တိုးမြှင့် လျာထားခြင်းဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၏ ကျန်ရှိသော ၄ လအတွင်း ဆန်ကို တန်ချိန် သန်းပေါင်း ၁.၅ မှ ၁.၇ အထိ တင်ပို့နိုင်ရန် လျာထားပြီး လက်ရှိဈေးကွက်အခြေအနေအရ လျာထားချက်ထက် ကျော်လွန်တင်ပို့နိုင်မည်ဟု ခန့်မှန်းထားပါသည်။ ဆန်ဈေးကွက်သည် ၂၀၂၂ ခုနှစ်၏ စတုတ္ထသုံးလပတ်ကာလမှ ၂၀၂၃ ခုနှစ်၏ အစပိုင်းကာလများတွင်ကောင်းမွန်လျက်ရှိသော်လည်း ဆန်ဈေးကွက် ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ဖြည့်ဆည်းပေးလျက်ရှိသော အာရှနိုင်ငံအများအပြားတွင် ဆိုးရွားသည့်ရာသီဥတုအခြေအနေများဖြစ်ပေါ်လျက်ရှိသောကြောင့် ဆန်ပြတ်လပ်မှုအခြေအနေများရှိလာနိုင်ကြောင်း သိရှိရပါသည်။ ကမ္ဘာ့ဈေးကွက်တွင် ဆန်အများဆုံးတင်ပို့သူ အိန္ဒိယနိုင်ငံကပို့ကုန်တားမြစ်ကြောင်း ကြေညာခဲ့ပြီး လာမည့်နှစ်တွင် တရုတ်ကဆန်တန်ချိန် ၆ သန်းခန့် တင်သွင်းမည်ဟု ခန့်မှန်းလျာထားပြီးဖြစ်သည့်အတွက် ဗီယက်နမ်အတွက် ဆန်တိုးမြှင့်တင်ပို့ရန် အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်ပါသည်။ ဆန်သည် လူနေမှုဘဝတွင် နေ့စဉ်စားသုံးနေရသည့် အဓိကအစားအစာ ဖြစ်ခြင်းကြောင့် စီးပွားရေးတည်ငြိမ်မှုအပေါ်လိုက်၍ ဈေးကွက်အတွင်း ဝယ်လိုအားကျဆင်းတတ်သော အခြားကုန်စည်များကဲ့သို့ ထိခိုက်နစ်နာမှုများ သိသိသာသာမတွေ့ရှိရဘဲ ဝယ်လိုအားတည်ငြိမ်သည့် ဈေးကွက်တစ်ခု ဖြစ်ပါသည်။ လက်ရှိတွင် ဆန်ပြတ်လပ်ရှားပါးနိုင်သည့် အခြေအနေနှင့်အတူ ကမ္ဘာ့ဆန်ဈေးနှုန်း ကြီးမြင့်လာလျက်ရှိပြီး ဗီယက်နမ်၏ ဆန်တင်ပို့ ရာတွင်လည်း လက်ရှိဈေးနှုန်းထက် ပိုမိုမြှင့်တင်နိုင်သည့် အခြေအနေကောင်းတစ်ရပ်အဖြစ် တွေ့ရှိရပါသည်။ လဲ့လဲ့နှင်း (MYANTRADE) Category: International News Previous Post ၁၁.၁၀.၂၀၂၂ရက်နေ့ မန္တလေးမြို့ပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်း၏ ပြောင... Next Post ၁၁.၁၀.၂၀၂၂ရက်နေ့ မန္တလေးမြို့ပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်း၏ ပဲမျိ...
စင်ကာပူနိုင်ငံ၏ Budget 2026 အရ စင်ကာပူနိုင်ငံစီးပွားရေးဆိုင်ရာ မူ... by MyanTrade on 2026-02-21 under International News
မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေပုဒ်မ ၁၀ အရ ယစ်မျိုးစီမံခန့်ခွဲမှုနှင... by MyanTrade on 2026-02-21 under Announcements
၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၏ အာလူ... by MyanTrade on 2026-02-21 under International News